Friday, August 10, 2007

အဖေ သို့ တမ်းချင်း



အိမ်တစ်ဆောင် မီးတစ်ပြောင် နဲ့ ငါ့သား တွေ နေရစ် ကြတော့ ဆိုပြီး ပြန်မလာ တော့မဲ့ ခရီး အဖေ အပြီး ထွက်သွားလိုက်တာ အနှစ်( ၆၀ ) တောင် ရှိခဲ့ပြီ အဖေ။

စိတ်ချလက်ချနဲ့မျက်နှာလွှဲသွားခဲ့တဲ့ အဖေ့ ကိုမှမထောက်ညှာ ၊လုပ်ရက် အဖေ ရယ် ၊အိမ်တိုင် ချွတ်ရောင်းတဲ့ လူကရောင်း ၊ထရံတွေခွာလိုခွာ ၊ကြမ်းခင်း ကို ဖြုတ်လို ဖြုတ်နဲ့ အမိုး ကိုတောင် လေလံပစ်သတဲ့။ အဖေမရှိတော့ သူတို့စိတ်ကြိုက်ပဲပေါ့အဖေ။ ခြံဝန်း ထဲမှာလည်း မြက်တွေကထူ၊ ငြူစူစူ မျက်နှာပေးတွေနဲ့ အဖေ သားသမီး တွေကိုလည်း နှင်ထုတ်ကြတယ် အဖေ။ သူတို့ကို မယှဉ်ပြိုင် မနေနိုင်တဲ့သားတို့တစ်တွေ အိမ် က ထွက်လာ ပြန်တော့လည်း သူများကို မှီခို ငိုစရာ ကောင်းလောက်အောင် နိမ့်ကျတဲ့ ဘ၀ ကျွန်သာသာပေါ့ အဖေ။ ကျန်ရစ်ခဲ့တဲ့မောင်နှမတွေအဖို့တော့ အချိန်မတန်လို့ နွား ပိန်မကန်သေးတော့ သူတို့ အလိုကျ နေပြရင်း ငိုရရယ်ရနဲ့ ငတ်တလှည့် ပြတ်တလှည့် ပေါ့ အဖေ။

အပြင်ရောက်နေတဲ့ အဖေ့သားသမီးတွေကလည်း အဖေ့ကိုမှသတိမရ။ခွေးဇာတ် တွေ ခင်းနေကြတာ သားတို့ အမျိုးတစ်အုပ် ပြုတ်တုတ်တုတ်ပဲ ကျန်တော့တယ်အဖေ။ အမျိုးအချင်းချင်း ခေါင်းပုံဖြတ်ပြီး ငတေမာ ပြီးတာပဲ ဆိုတဲ့အဖေ့သား တချို့ကလည်းမောင်နှမချင်း ခေါင်းကျော် နင်းပြီး ဖြတ်လမ်း လိုက်နေ ကြလေ့ရဲ့။တမလွန်က နေပြီး တစ်ချက်ကလေး လောက်များ ထကြည့် ပါဦးအဖေ။

ကျန်တဲ့ အဖေ့သားတွေက တော့ လိမ္မာ ကြပါရဲ့။ အဖေ့အမွေ ပြန်တောင်းမယ်ကွ လို့ ပါးစပ်က အော်ပြီး ချော်တောငေါ့ ထွက်သွားလိုက် ၊ အချင်းချင်း ပြန်ခွပ်လိုက် နဲ့လုံး လည်ချာလည် လိုက်နေကြတယ် အဖေ။

အဖေသိပါစ .. . . သိပါလေစ . . . အဖေ
အဖေကတော့ သားတို့ကို အမွေပေးခဲ့ပါရဲ့။
ဒါပေမယ့် သားတို့နေစရာ မရှိဘူး အဖေ။
အဖေကတော့ သားတို့ကိုမျိုးချစ်စိတ်တွေ ရိုက်သွင်းပေးခဲ့ပါရဲ့ ။

ဒါပေမယ့် စိတ်ဓာတ်မခိုင်တဲ့ အဖေ့သားသမီး တစ်ချို့ကတော့ အဖေ့ရဲ့မျိုးချစ်စိတ် ကို ထမင်းတစ်လုတ်နဲ့ လဲစားနေကြတယ် အဖေ။

အဖေ ကတော့ ငါ့ . . . သားသမီးတွေ ညီစေကလို့ အားကြိုး မာန်တက် ညီညာစေခဲ့ပေမယ့် ဟိုတစ်ချောင်း ဒီတစ်ချောင်းနဲ့ ပြန့်ကျဲနေလိုက် ကြတာ တစ်ချို့ဆို လောင်စာထင်းလို မီးလောင်တိုက် အသွင်းခံလိုက် ရပြီ အဖေ။

ဒါတွေကို အဖေ သိရင်ဖြင့် . . .
အဲ . . ဒါ . . တွေ . . ကို . . အ . . ဖေ . . သိ . . ခဲ့ . . ရင် . . ဖြင့် . . .
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

အာဇာနည်နေ့ အမှတ်တရ
မောင်ပါလ

0 Comments:

Post a Comment



 

© New Blogger Templates | Webtalks